ပညာရေးဆိုတာ အသိပညာဗဟုသုတရှိအောင်လုပ်ခြင်း၊ ကျွမ်းကျင်မှုရှိအောင်လုပ်ခြင်း၊ စောင့်ထိန်းအပ်တဲ့အကျင့်များကို သိရှိခြင်း၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားခြင်း၊ ကိုယ်ပိုင်ယုံကြည်ချက် နှင့် အလေ့အထများရှိခြင်းတို့ဖြစ်သည်။
ထို့ကြောင့် ပညာရေးကို ပြန်လည်ဖြန့်ပေးမည့် ဆရာ/ဆရာမများသည် အထက်ပါအချက်အလက်များကို လေ့လာသင်ယူမည့် ကျောင်းသူ/ကျောင်းသားများကို ပေးနိုင်ဖို့ စဥ်ဆက်မပြတ် ကိုယ်တိုင်လည်း လေ့လာသင်ယူနေရမည်ဖြစ်ပါသည်။
ပညာသင်ယူနေကြသည့် ကျောင်းသူ/ကျောင်းသားများကလည်း အတန်းပညာသာမက အကြားအမြင်ဗဟုသုတအားကောင်းအောင် စာကောင်းစာပေတွေဖတ်ရပါမည်၊ ကောင်းတဲ့အကျင့်တွေကိုမှတ်သားထားပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရပါမည်။ ကျွမ်းကျင်မှုအဆင့်ရအောင်လည်း အလေ့အကျင့်ထားပြီး လေ့ကျင့်မှသာ ကိုယ်ပိုင်ယုံကြည်မှုနဲ့ ကျွမ်းကျင်မှုရှိမှာဖြစ်ပါသည်။
ပညာတခုကို လေ့လာတဲ့အခါ ဆရာကသင်ကြားခြင်း၊ ကိုယ့်ဖာသာ အင်တာနက်/စာအုပ်များမှတဆင့်သင်ယူခြင်း၊ သိတတ်သူများနှင့် ဆွေးနွေးခြင်း၊ သုတေသနပြုခြင်းများမှ ပညာတိုးပွားစေပါသည်၊ ခလေးငယ်များဆိုလျှင် ပုံပြင်ပြောသလို ပြောပြခြင်းတွေမှတဆင့် ပညာရစေပါသည်။
တရား၀င်ကျောင်းတွေကတဆင့် ပညာတတ်တွေဖြစ်နိုင်သလို အိမ်ကအမေသင်တဲ့ကျောင်း၊ ကိုယ့်ဖာသာလေ့လာသင်ယူခြင်းတွေမှလည်း ပညာတတ်တွေ ဖြစ်နိုင်ပါပြီ။
ပညာရှာရန် မခက်တော့တဲ့ခေတ်မို့ ကိုယ်တိုင်ကကြိုးစားလိုစိတ်နဲ့ နေ့စဥ်အချိန်မှန်လုပ်မယ်ဆိုတဲ့ အကျင့်ကောင်းကသာ အရေးကြီးတော့သာဖြစ်ပါတယ်။
ပညာတတ်အကျင့်ကောင်းများဖြစ်စေဖို့ ကိုယ်တိုင်ကအရေးကြီးသလို ကိုယ့်ပတ်၀န်းကျင်၊ အသိုင်းအ၀ိုင်း၊ ဆရာဆရာမ နီးစပ်ရာလူများကလည်း အရေးကြီးပါတယ်။
ပညာတတ် အကျင့်ကောင်းများဖြစ်စေဖို့ အကြားအမြင် ဗဟုသုတများသူ၊ ကိုယ်ကျင့်သိက္ခာရှိသူများဆီက ပညာယူဖို့ အကြံပေးလိုပါတယ်။ ကောင်းတဲ့လူတွေအကြောင်းများများဖတ်ပြီး ကောင်းတဲ့အပြုအမူတွေကို လိုက်နာကျင့်ကြမယ်ဆိုရင် လူကောင်းသူကောင်းပညာတတ်များဖြစ်လာမှာ မုချဖြစ်ပါတယ်။
Tr.Thu